ကင်ဘာရာ ၈ မေ

 

အိန္ဒိယမှ လာရောက်မည့် ခရီး သည်များအပေါ် ပိတ်ပင်ထားမှုကို မေ ၁၅ ရက်တွင် အဆုံးသတ်မည် ဟု ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က မေ ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် ထောင်နှင့်ချီသော ဩစတြေးလျ နိုင်ငံသားများအတွက် အိမ်ပြန်လာနိုင်ရေး လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

အဆိုပါ အငြင်းပွားဖွယ် ခရီးသွားလာမှု ပိတ်ပင်မှုမှာ အိန္ဒိယနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများ အဆမတန် ဖြစ်ပွားနေသည့်အတွက် ချမှတ်ခဲ့ခြင်းဖြစ်ပြီးအိန္ဒိယနိုင်ငံတွင် ရောက်ရှိခဲ့ပြီး ၁၄ ရက်အတွင်း ဩစတြေးလျနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းလျှင် ရာဇဝတ်မှုအထိ သတ်မှတ်သည့် ခရီးသွားပိတ်ပင်မှုကို ပြုလုပ်ခဲ့သည်။

 

မေ ၁၅ ရက် နောက်ပိုင်း တွင် နောက်ထပ်အချိန်တိုးချဲ့ရန် မလိုအပ်တော့ဟု အမျိုးသား လုံခြုံရေးကော်မတီအဖွဲ့ အစည်း အဝေးတွင် ဆုံးဖြတ်လိုက်သည် ဟု မောရစ်ဆင်က ပြောသည်။

 

ဩစတြေးလျနိုင်ငံသား ၉၀၀၀ မှာ အိန္ဒိယနိုင်ငံတွင် သောင်တင်နေပြီး ၎င်းတို့မှာ နေရပ်ပြန်လာလိုကြသည်။ ကယ်ဆယ်ရေးလေယာဉ် တွင်ပိုမိုထိခိုက်လွယ်သည့်လူများကို ဦးစားပေးကာ ပြန်လည် ခေါ်ဆောင်သွားမည်ဟု သိရသည်။

 

ဆင်ဟွာ