ရန်ကုန် ၈ မေ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့ပတ်ရထားခေါက်ရေ ပိုမိုတိုးချဲ့ပြေးဆွဲမှုကို ယနေ့ (မေ ၇ ရက်) ညနေပိုင်းမှစတင်ကာ ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

“ခရီးသည်လိုက်ပါစီးနင်းမှုကိုကြည့်ရင် ရထား ခရီးစဉ်အားလုံး တဖြည်းဖြည်း လိုက်ပါစီးနင်းမှု များပြားလာတာကို တွေ့ရပါတယ်။

 

မြို့ပတ်ရထားရော၊ အဝေးပြေးခရီးစဉ်တွေပါပေါ့။ ဒါကြောင့်လည်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေ သွားလာမှုအဆင်ပြေစေဖို့ ရန်ကုန်မြို့ပတ် ရထားကို မေ ၇ ရက်မှာ နံနက်ပိုင်း တစ်ကြောင်း ပြေးဆွဲပေးနေမှုကနေ ညနေပိုင်းကို စင်းရေတိုးကာ နောက်တစ်ကြောင်းနဲ့ ခေါက်ရေတိုး ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ အရင် နံနက်ပိုင်းတစ်ချိန်တည်း ပြေးဆွဲ ပေးရာကနေ အခု ညနေပိုင်း တွဲဆိုင်းတိုးကာထပ်မံတိုးချဲ့ ပြေးဆွဲပေးတာပါ။ အခုဆို ရန်ကုန်မြို့ လုပ်ငန်းအားလုံးကလည်း ပြန်လည် လည်ပတ်နေကြပြီဖြစ်သလို မြို့ပတ်ရထားလမ်း ပြုပြင်ပေးမှုကလည်း အားလုံးပြီးဆုံးနေပြီဆိုတော့ အခုလို တိုးချဲ့ပြေးဆွဲတဲ့အခါမှာ လမ်းပိုင်းအနေနဲ့က ဘာအခက်အခဲမှ မရှိပါဘူး” ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယနေ့ (မေ၇ရက်) ညနေမှစတင်ကာ ထပ်မံတိုးချဲ့ ပြေးဆွဲပေးမည့် မြို့ပတ် ရထားသည် အင်းစိန်ဘူတာကြီးမှ ညနေ ၃ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးကို ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ တစ်ဖန် ရန်ကုန်ဘူတာကြီးမှ  ၄ နာရီခွဲတွင် မင်္ဂလာဒုံလမ်းကြောင်းဘက် ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး အင်စိန်ဘူတာကြီးသို့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ မြို့ပတ်ရထား လိုက်ပါစီးနင်းမည့် ခရီးသည်များ အနေဖြင့်လည်း ယခင် ဈေးနှုန်းများကဲ့သို့ ပြောင်းလဲမှု မရှိဘဲ ၁၅ မိုင်အကွာအဝေး ခရီးစဉ် တစ်ပိုင်းလျှင် ငွေကျပ် ၁၀၀ ကျခံရမည်ဖြစ်ပြီး မြို့ တစ်ပတ် ခရီးစဉ် စဆုံး လိုက်ပါစီးနင်းလျှင် ငွေကျပ် ၂၀၀ နှုန်း ကျခံရမည်ဖြစ်သည်။

 

တိုးချဲ့ပြေးဆွဲ “မြို့ပတ်ရထားကို အခုလို နံနက် ပိုင်းရော၊ ညနေပိုင်းပါ တိုးချဲ့ပြေးဆွဲ ပေးတာ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်က အင်းစိန်ကနေ ရန်ကုန်မြို့တွင်းကို နေ့စဉ်နီးပါး အလုပ် ဆင်းသွားရတယ်။ တစ်ပတ်ကို တနင်္ဂနွေ တစ်ရက်တည်း အနားရတာဆိုတော့ ကျန်တဲ့ရက်တွေမှာ အလုပ်တက်၊ အလုပ်ဆင်းလုပ်ဖို့ရာ မြို့ပတ်ရထားက ပိုအဆင်ပြေဆုံးပါပဲ” ဟု နေ့စဉ် မြို့ပတ် ရထားကို လိုက်ပါစီးနင်းနေသော အင်းစိန်မြို့တွင် နေထိုင်သော ကိုသက် လွင်က ပြောသည်။

 

လိုက်ပါစီးနင်းနိုင် မြန်မာ့မီးရထားအနေဖြင့် မြို့ပတ် ရထားများ အဆင်ပြေပြေ သွားလာနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်း စတင်ခဲ့သည်။ လုပ်ငန်းများ မစတင်မီ ယခင်က နေ့စဉ် တွဲဆိုင်း ၂၅ ဆိုင်း၊ ခေါက်ရေ ၂၂၀ ပြေးဆွဲပေးခဲ့ရာ ခရီးသည် လိုက်ပါစီးနင်းမှု တစ်နေ့ ကိုးသောင်းဝန်း ကျင်ရှိခဲ့သည်။ စီမံကိန်းကာလတွင်လည်း လမ်းတစ်လမ်းပိတ်ပြီး လမ်းတစ်လမ်းဖွင့် ကာ ပြေးဆွဲပေးခဲ့ရာ တွဲဆိုင်း ၂၁ ဆိုင်း၊ ခေါက်ရေ ၁၅၈ ခေါက် နေ့စဉ်ခရီးသည် ငါးသောင်းဝန်းကျင် လိုက်ပါစီးနင်းခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါကာလတွင် လည်း တွဲဆိုင်းသုံးဆိုင်း၊ ခေါက်ရေ ၁၂ ခေါက် ပြေးဆွဲပေးခဲ့ရာ နေ့စဉ် ခရီးသည်သုံးထောင်ဝန်းကျင် လိုက်ပါ စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)

 

ဓာတ်ပုံ- မင်းထက်