မြဝတီ၊ ၁၀ မေ
ထိုင်းနိုင်ငံ၌ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် နေ့စဉ်ပြန်လည်လက်ခံပေးလျက်ရှိရာ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ပြီး Covid Centre နှင့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းများတွင် ကန့်သတ်ထားရှိခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ဝင်ရောက်လာသူများ၏ အချက်အလက်များကို တိတိကျကျ စာရင်းကောက်ယူခြင်းနှင့် ရောဂါပိုး မရှိသူများကို မြဝတီမြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းများသို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများကို Covid Centre သို့လည်းကောင်း ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် (၃)ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး ထိုသို့နေထိုင်စဉ်အတွင်း ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ရယူကာ ရန်ကုန်မြို့ရှိ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)သို့ ပို့ဆောင်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက် ရောဂါပိုးမရှိသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
မြဝတီမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းအဖြစ် ကုန်သွယ်ရေးဇုန် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်း၊ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းနှင့် ကျောက်လုံးကြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့ကို ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများအတွက် မဲကနယ် Covid Centre တစ်ခုကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)


