ရန်ကုန်၊ ၁၀ မေ
ခရီးသွားပြည်သူတို့ လိုအပ်ချက်နှင့်အညီ ပန်းဆိုးတန်း-ဒလ ချယ်ရီကူးတို့ရေယာဉ်ဖြင့် ရန်ကုန်မြို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ ပြေးဆွဲပေးလျက်ရှိရာ တစ်ရက်လျှင် ၃၃ ခေါက်နှင့် ရုံးပိတ်ရက်တွင် ၂၁ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ သိရသည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ မတိုင်မီက ဒလမှ ရန်ကုန်မြို့သို့ အလုပ်အကိုင်လုပ်ကိုင်သူများသောကြောင့် ချယ်ရီသင်္ဘော ကူးတို့ရေယာဉ်ဖြင့် တစ်ရက်လျှင် ၄၆ ခေါက်ဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီထိ ပြေးဆွဲခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နံနက် ၅ နာရီခွဲမှ ည ၇ နာရီထိ ပြေးပေးဆွဲလျက်ရှိသည်။
“ခေါက်ရေလျော့ကျသွားပေမယ့် ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စရင် ခရီးသွားပြန်များလာမှာပါ။ ဆောက်လုပ်ရေးလုပ်သား ၁၀၀၀ အထက် ဒလမြို့နယ်က လာကြတာပါ။ အရင်က တစ်ရက်ကို ခရီးသွား ၃၀၀၀၀ နီးပါး သွားလာကြတာ။ ကိုဗစ်ရောဂါနဲ့ ခရီးသွားလျော့ကျသွားတာကြောင့် ခရီးသွား ၅၀၀၀ ပဲရှိတယ်။ ပြီးခဲ့တဲ့အပတ်က လူ ၇၀၀၀ ထိ စီးနင်းမှုတိုးလာတယ်။ ရန်ကုန်မြစ်ဝကျွန်းပေါ်ဌာနခွဲအနေနဲ့ ခရီးသည်ပို့ဆောင်ရေး ချယ်ရီသင်္ဘောနဲ့ တစ်ရက် ၃၃ ခေါက်နဲ့ ရုံးပိတ်ရက် ၂၁ ခေါက်ပြေးဆွဲပါတယ်။ ပြီးတော့ ဝါးတန်း-ဒလ ဇက်ကူးတို့ဆိပ်က ဇက်ရေယာဉ်လည်း ပြေးဆွဲပေးနေပါတယ်။ ခရီးသွားလာမှု တိုးလာတာနဲ့အမျှ ခေါက်ရေတိုးမြှင့်ပြေးဆွဲသွားမှာပါ”ဟု ရန်ကုန်မြို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ တာဝန်ခံ ဦးလှမိုးနိုင်က ပြောကြားသည်။
ရန်ကုန်မြစ်ကို နေ့စဉ်ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် ပန်းဆိုးတန်း-ဒလ ချယ်ရီကူးတို့သင်္ဘောခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားတိုးမြင့်လာပါက ခေါက်ရေတိုးမြှင့်ပြေးဆွဲမည်ဖြစ်ရာ ရန်ကုန်မြို့သို့ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဒလမြို့နယ်တို့ရှိ မြိုပြနှင့် ကျေးလက်တို့မှ ခရီးသွားပြည်သူတို့ နေ့စဉ်သွားလာမှုလွယ်ကူစေရန် ရန်ကုန်မြို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ ချယ်ရီကူးတို့ရေယာဉ်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဓတ်ပုံ - ကနူး
ညိမ်းသူ


