ရန်ကုန်၊ ၁၀ မေ
ရန်ကုန်မြို့နေပြည်သူများ မိသားစုလိုက် အပန်းဖြေနိုင်ရန် ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး သတ်မှတ်ချက်နှင့်အညီ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် ခရီးသွားပြည်သူတို့ အပန်းဖြေခဲ့ကြပြီး ယခုအခါတွင်လည်း ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောများဖြင့် မိသားစုလိုက် အပန်းဖြေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက သင်္ဘောနှစ်စီးမှာ တစ်စီးက စာချုပ်ချုပ်ဖို့ဆောင်ရွက်နေပြီးတော့ ကျန်တစ်စီးက လာရောက်ငှားနိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ လာရောက်ငှားရမ်းကြတာပါ။ တေဇနဲ့ တိုးပွားသင်္ဘောနှစ်စီးကို တစ်ရက်ဘယ်လောက်ဆိုပြီး တွက်ချက်ပြီးတော့ တစ်လပုတ်ပြတ်ငှားတာပါ”ဟု ရန်ကုန်မြို့ ပြည်တွင်းပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းဌာနခွဲ တာဝန်ခံ ဦးလှဝင်းနိုင်က ပြောသည်။
ရန်ကုန်မြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲအနေဖြင့် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ ကုန်စည်များပို့ဆောင်သည့်နည်းတူ ပုဂ္ဂလိကရေယာဉ်များကလည်း ကုန်စည်နှင့် ခရီးသည်တို့ကို ပို့ဆောင်ပေးခြင်းဖြင့် ကုန်စည်နှင့် ပို့ဆောင်ရေးကဏ္ဍ ပွင့်လန်းလျက်ရှိသည်။ ထို့နည်းတူ ရန်ကုန်မြစ်အတွင်း အပန်းဖြေခရီးစဉ်ကို ကိုဗစ်-၁၉ ဒုတိယလှိုင်း၌ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အညီ ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေးအငှားယာဉ်များနှင့် ပုဂ္ဂလိကပိုင်ရေယာဉ်တို့မှ နေချင်းပြန်ခရီးစဉ်နှင့် တိုးမြစ်အတွင်း တစ်ညအိပ်ခရီးစဉ်တို့ဖြင့် ကိုဗစ်နှင့်အတူ ဖြတ်သန်း၍ ရန်ကုန်မြို့တွင်း ခရီးသွားကဏ္ဍကို ဖော်ဆောင်ခဲ့သည်။
“မြစ်အတွင်း ခရီးစဉ်ပြန်လည်စတင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတာရှိတယ်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ရေယာဉ်ကို အရင်လိုငှားရမ်းပြီး မြို့ခံပြည်သူတွေ တစ်ရက်တာ အပန်းဖြေနိုင်အောင် ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ခရီးသွားလုပ်ငန်းဆိုတာ ဟိုတယ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာကြောင့် ရန်ကုန်မြို့ရဲ့ ခရီးသွားကဏ္ဍ လည်ပတ်တာဟာ ကျန်တဲ့စီးပွားရေးကဏ္ဍလည်း အရှိန်ရစေမှာပါ။ လေကြောင်းလိုင်းတွေ ပွင့်လာတာနဲ့အမျှ ခရီးသွားအပန်းဖြေကဏ္ဍတွေလည်း ဖော်ဆောင်ဖို့ အရှိန်ရစေပါတယ်။ နိုင်ငံတကာခရီးသွားကဏ္ဍကတော့ အချိန်ယူရမယ်လို့ထင်တယ်။ ခရီးသွားအခြေခံကောင်းတွေရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့ရဲ့ ခရီးသွားအပန်းဖြေကဏ္ဍ အောင်မြင်ရင် ကျန်တဲ့ဒေသတွေလည်း အောင်မြင်မှာပါ”ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းက သူ၏အမြင်ကို ပြောသည်။
ပြည်တွင်းခရီးသွားလုပ်ငန်း ပွင့်လန်းခြင်းသည် ဒေသတွင်းဝင်ငွေ တိုးပွားစေသည့်အပြင် နိုင်ငံ၏ဝင်ငွေကို ပုံမှန်ရရှိစေသောကြောင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန်၌ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်နှင့်အညီ နိုင်ငံအချို့တွင် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင်လည်း မြို့ပြနေပြည်သူတို့ အပန်းဖြေအနားယူနိုင်ရန် ခရီးသွားလုပ်ငန်းကို သက်ဆိုင်ရာဌာနတို့မှ အားပေးကူညီလျက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ ရေယာဉ်များငှားရမ်းရန် အသင့်ရှိနေပြီး ခရီးသွားကဏ္ဍ ဖော်ဆောင်သော အသင်းအဖွဲ့တို့ကလည်း ရန်ကုန်မြစ်အတွင်း အပန်းဖြေခရီးသွားလုပ်ငန်းများ ပြန်လည်သက်ဝင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ


