နေပြည်တော်၊ ၁၁ မေ

 

မိမိနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပြယုဂ်တစ်ခုဖြစ်ပြီး လက်မှုအနုပညာ ထုတ်ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ယွန်းအတတ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေးဂရုပြု ကြိုးပမ်းကြစေလိုကြောင်း၊ ကိုဗစ်-၁၉ကြောင့် ပိတ်ထားခဲ့ရသည့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး ယွန်းပညာကောလိပ်အပါအဝင် ကောလိပ် ၃ ခုကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ကြစေလိုကြောင်း မေ ၉ ရက် နံနက်က ယွန်းပညာ ကောလိပ်(ပုဂံ)သို့ ရောက်ရှိစဉ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

 

ယွန်းပညာကောလိပ်(ပုဂံ)တွင် ပထမနှစ် (ဒီပလိုမာသင်တန်းသား) (၁၄၀)၊ ဒုတိယနှစ် (ဒီပလိုမာသင်တန်းသား) (၉၇)ဦး နှင့် အထက်တန်းယွန်းပညာ သင်တန်း (ဒုတိယနှစ်) (၇)ဦး၊ စုစုပေါင်း(၂၄၄)ဦး ရှိကြောင်း၊ ယွန်းပညာကောလိပ်တွင် ဒီပလိုမာ သင်တန်းများအပြင် ကာလတိုသင်တန်းများဖြစ်သည့် ဝါးတာရှည်ခံသင်တန်း၊ ဝါးလက်မှု အနုထည်သင်တန်း၊ အနက်ထည်ယွန်းပညာသင်တန်း၊ ရွှေဇဝါယွန်းပညာသင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ သားရိုးပန်းကြွ ယွန်းနည်းပညာသင်တန်း၊ ရွှေပြားခတ်နည်း ပညာသင်တန်းအပြင် ဂျပန်ယွန်းထည်နည်းပညာ ဆင့်ပွားသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း၊ နိုင်ငံခြားယွန်းတက္ကသိုလ်များဖြစ်သည့် ဂျပန်၊ အီတလီနှင့် ထိုင်း ယွန်းပညာတက္ကသိုလ်များနှင့်လည်း နည်းပညာပူးပေါင်းဖလှယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တောင်ကင်းကျေးလက်ဒေသရေပေးရေး နတ်သမီးကမ်းပါး မြစ်ရေတင်စီမံကိန်းကို ကြည့်ရှုရာ မန္တလေးတိုင်းဦးစီးမှူးက မြစ်ရေတင်စီမံကိန်း၏ သမိုင်းကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက နတ်သမီးကမ်းပါး မြစ်ရေတင်စနစ်တွင် စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် အသုံးပြုသည့် ပန့်များ၊ မော်တာများ၊ လေမှုတ်စက်များ ကြံ့ခိုင်ရေး ပုံမှန်ပြုလုပ်ရန်လိုကြောင်း၊ တောင်ကင်းနှင့် စက်စက်ယို ရေပေးလမ်းကြောင်း နှစ်ကြောင်းဖြင့် မြစ်ရေတင်စနစ် ဖြစ်သဖြင့် စက်များ၏ ကြံ့ခိုင်ရေးကို ပုံမှန်ပြုလုပ်ရန်နှင့် ပန့်များ၊ မော်တာများ အရံထားရှိရန်လိုကြောင်း၊ လက်ရှိတွင် လျှပ်စစ်မြစ်ရေတင်စနစ်ဖြစ်၍ ရေသုံးစွဲသူများထံမှ ရေမီတာခကောက်ခံနေသော်လည်း၊ ဆယ်ချိုးတစ်ချိုးခန့်သာ ကောက်ခံရရှိခြင်းဖြစ်ပြီး နိုင်ငံတော်မှ များစွာ စိုက်ထုတ်ကျခံနေကြောင်း၊ ရေရှည်အတွက် လျှပ်စစ်ဓာတ်အားခ သက်သာရန် ဆိုလာစနစ်သို့ တဖြည်းဖြည်း ပြောင်းသွားရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

နတ်သမီးကမ်းပါး မြစ်ရေတင်စီမံကိန်းသည် ပုဂံဒေသရှိ ကျေးရွာ (၁၀၅)ရွာသို့ နေ့စဉ် ရေပေးဝေလျက်ရှိရာ မိသားစု(၂၂၉၉၄)ခုရှိ လူဦးရေ (၁၁၅၂၄၄)ဦး ကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းကြက်မွေးမြူရေး သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံသို့ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တိုင်းရင်းကြက်မျိုးများ မွေးမြူထားရှိမှုနှင့် ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သုတေသနဖွံ့ဖြိုးရေးနှင့် မျိုးထိန်းမျိုးပွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်