ပဲခူး၊ ၁၃ မေ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေ ၁၂ ရက် နံနက် ၉ နာရီက ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူထုတ်လုပ်မှုသည် တိုင်းဒေသကြီးအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့်  အခြား ပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထုမှာ ကျန်းမာပြီး အသက်ရှည်မှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုလို ကျွမ်းကျင်ဆရာများမှ ပို့ချမှုများကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာမှတ်သားပြီး မိမိတို့၏ လုပ်ငန်းခွင်ကို ပြန်ရောက်တဲ့အခါ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်က ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး (GAqP) သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သည် ငါးစတင်မွေးမြူသည့်အဆင့်မှ စတင်ပြီး စားသုံးသူထံ ရောက်ရှိသည့်အဆင့်အထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းတွင် စားသုံးသူများအား ဘေးဥပါဒ်အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာ မွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး ရေနေသတ္တဝါများ မွေးမြူထုတ်လုပ်သည့်နေရာမှာလည်း စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် မွေးမြူထုတ်လုပ်သည့် ကျင့်စဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး (GAqP) သင်တန်းအား မေ ၁၂ ရက်မှ ၁၄ ရက်အထိ  ဘေးဥပါဒ်ကင်းစင်သည့် ရေထွက်ပစ္စည်းများဖြစ်အောင် မွေးမြူထုတ်လုပ်သည့် နည်းလမ်းများ၊ နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ (၁၇)ဦး၊ လုပ်ငန်းရှင် (၁၃)ဦးတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

mdn