ရန်ကုန်၊ ၁၃ မေ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက် (၁၄)တိုက်တွင် သုတ၊ ရသ စာအုပ် စာပေများကို ပြည်သူများအသိပညာ ဗဟုသုတ ရရှိနိုင်ရန်အတွက် အခမဲ့ ငှားရမ်းပေးလျက်ရှိသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်ပြီး စာအုပ်ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ ဧပြီ ၂၉ ရက်မှစတင်ပြီး COVID ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ငှားရမ်းပေးလျက်ရှိသည်။
“ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သူများကို COVID ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လက်ဆေးဘေစင် ထားရှိပေးထားပါတယ်၊ စာကြည့်တိုက်အတွင်းသို့ နှာခေါင်းစည်း(mask) တပ်ဆင်ဝင်ရောက်စေပြီး တစ်ဦးနှင့် တစ်ဦး (၃)ပေခွဲအကွာမှ ငှားရမ်းဖတ်ရှုစေပါတယ်။ ယခုမှ စငှားမည့်သူများအနေနှင့်လည်း အသင်းဝင်ကတ် အခမဲ့ပြုလုပ်ပေးပြီးတော့ လူတစ်ယောက်လျှင် စာအုပ်(၂)အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးပါတယ်” ဟု ခရိုင်ဦးစီး ဒေါ်စန္ဒာမိုးက ပြောသည်။
နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်သို့ လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် အခမဲ့ဝိုင်ဖိုင် အသုံးပြုခြင်း၊ ဒေသဆိုင်ရာ သမိုင်းအကျဉ်းများ၊ ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ်ပရိသတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ အတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ မိုးလေဝသ သတင်းများ၊ ဒေသဆိုင်ရာ ထူးခြားဖြစ်စဉ်သတင်းများ၊ စာအုပ်မိတ်ဆက် အစီအစဉ်များနှင့် ကလေးများအတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များကိုလည်း တင်ဆက်ပေးလျက်ရှိသည်။
စာကြည့်တိုက်များကို e-library အဖြစ်သို့ အဆင့်မြှင့်တင်လျက်ရှိပြီး လစဉ် စာအုပ်အသစ်များ၊ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များ ရည်ညွှန်းစာအုပ်များကို မိမိတို့နေထိုင်ရာ မြို့နယ်များရှိ ပြည်သူ့စာကြည့်တိုက်များတွင် ဖတ်ရှုနိုင်ကြောင်း ခရိုင်းဦးစီး ဒေါ်စန္ဒာမိုးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


