ဝန်းသို၊ ၁၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို မေ ၁၂ ရက် နံနက်ပိုင်းက ဂျိုးတောင်အုပ်စု ရွာမကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဥပဒေပါ ပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အကြောင်းအရာတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူ ၁၄ ဦးကို ငွေကျပ် ၆၃ သိန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ ၈၄ ဦးကို ငွေကျပ် ၄၃၃ သိန်း၊ အသေးစား အရောင်းအဝယ်လုပ်ငန်းအတွက် အသင်းဝင်တစ်ဦးလျှင် ငွေကျပ် ကိုးသိန်း ထုတ်ချေးပေးမှုအပေါ် ဝန်ထမ်းများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဝန်းသိုမြို့နယ် ကျေးရွာပေါင်း ၃၅ ရွာ၊ ယူနစ်ပေါင်း ၂၁ ယူနစ်၌ ဆောင်ရွက်ပေးလျက်ရှိပြီး စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာပေါင်း ၁၃ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


