ကော့သောင်း၊ ၁၃ မေ
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် မေ ၁၂ ရက် နံနက်ပိုင်းက ကော့သောင်းမြို့သို့ ရောက်ရှိပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နံနက် ၁၀ နာရီတွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က အဖွင့်ပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံပြည်သူများ စိုက်ပျိုးလုပ်ကိုင်မှုကို အလေးပေးလုပ်ကိုင်ကြရေး၊ ဆူပူအကြမ်းဖက်သူများက မြို့ရွာတည်ငြိမ်အေးချမ်းသာယာရေးနှင့် အဖျက်အမှောက်လုပ်ငန်း လုပ်ဆောင်နေမှုများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကာလတစ်ခုအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း လမ်းမှားရောက်နေကြသည့် လူငယ်များကို အချိန်မရွေး ပြန်လည်ဝင်ရောက်လာရေး သဘောထားကြီးစွာ ပြန်လည်ခေါ်ယူနေပါကြောင်း၊ နိုင်ငံဝန်ထမ်းများအနေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန်ကျေပွန်စွာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကို စောင့်သိကာ အသိတရားဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ယူစဉ် ကာလအတွင်း အဂတိကင်းစင်အောင် ဆောင်ရွက်ရင်း အောက်ခြေအဆင့်ဆင့်နှင့် အလွှာအသီးသီး ပြည်သူများသို့ လိုက်လံအားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လုပ်ငန်းအသစ်(၁၅)မျိုးကို နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေး ခွင့်ပြုလုပ်ကိုင်စေလျက်ရှိပါကြောင်း၊ မိမိတို့တာဝန်ယူစဉ်ကာလအတွင်း လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများအနေဖြင့် ချိုးချံချွေတာစွာ ပြည်တွင်းဖြစ်ကို အားပေးကြရေးနှင့် လုပ်ငန်းလုပ်ကိုင်သူများ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍမှ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ တာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်အနေဖြင့် ထိုက်တန်စွာ ချီးမြှင့်သွားမည့် အစီအစဉ်များရှိကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် ဆရာ/ဆရာမများအနေဖြင့် မိမိရင်သွေးများသဖွယ် ကျောင်းသားကျောင်းသူများကို စိတ်ကောင်းစေတနာကောင်းဖြင့် သွန်သင်ဆုံးမ သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ကော့သောင်းမြို့နယ်ဆိုင်ရာများနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိဂုံးချုပ်ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၁)နာရီတွင် ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်ရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ရပ်ကွက်စီမံအုပ်ချုပ်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများအား တွေ့ဆုံပြီး မိမိတို့ရပ်ရွာအကျိုးကို စေတနာထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)


