ကော့သောင်း၊ ၁၃ မေ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် မေ ၁၂ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ၊ ရွှေဖြူကုမ္ပဏီလီမိတက်၏ အရည်အသွေးမြင့် ရွှေဖြူရာဘာအလုပ်ရုံသို့ ရောက်ရှိပြီး အရည်အသွေးမြင့် ရာဘာထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများ၊ အစေပြားမှိုင်းသွင်းခြင်းလုပ်ငန်း၊ မှိုင်းရုံအတွင်း မီးပေါင်းတင်မှုလုပ်ငန်းများ၊ ကုန်ချောထုတ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ အလုပ်ရုံတာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းကောင်စီဥက္ကဋ္ဌမှ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်ပြီး နိုင်ငံခြားပို့ကုန်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အခက်အခဲရှိပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒေသခံခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် TZK ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မလိဝမ်းကျေးရွာ၊ အပန်းဖြေ အောင်သပြေ သဘာဝရေပူစမ်းနှင့် သဘာဝရေတံခွန်သို့ ရောက်ရှိပြီး ခရီးသွားဧည့်သည်များနှင့် ဒေသခံပြည်သူများ အနားယူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ သဘာဝရေပူစမ်းနှင့် သဘာဝရေတံခွန် စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေဘဲ စီမံဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားလုပ်ငန်းများ ပွင့်လင်းလာချိန်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများ ပိုမိုရရှိလာနိုင်သည့်လုပ်ငန်းဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရေး တာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားသည်။

ယင်းနောက် တိုင်းကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ ၁၄ မိုင်ကျေးရွာရှိ တမံအမြင့် ၁၂ ဒသမ ၅ မီတာ၊ တမံအရှည် ၈၁ မီတာ၊ ရေဂါလံ ၃၈ ဒသမ ၅၃ သန်း သိုလှောင်နိုင်သည့် GOOD WATER (Kawthaung) Co., Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြို့သောက်သုံးရေ ပေးဝေဖြန့်ချီရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ ပင်မရေလှောင်တမံနှင့် ရေသန့်စင်စက်ရုံ၊ ရေစုကန်တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ မြို့တွင်းရေပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးကာ ပင်မရေကြမ်းပို့ ပိုက်လိုင်းတည်ဆောက်မှုနှင့် မြို့တွင်းသို့ ရေဖြန့်ဖြူးပိုက်များ အမြန်ဆုံး တပ်ဆင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း အခက်အခဲများအား တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းလမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)