ကုန်းကြမ်း ၁၃ မေ  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှောက်ကိုင်ကျေးရွာအုပ်စု၊ ရှောက်ကိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို မေ ၁၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လောက်ကိုင်ခ‌ရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ ကုန်းကြမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဝေနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ရှောက်ကိုင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးဆွေးနွေးမှာကြားသည်။  

 

ရှောက်ကိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၅၉ ဒသမ ၄ သန်းဖြင့် ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း လမ်းအရှည် ၁ မိုင် ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ဖြိုးမင်းအောင်ကုမ္ပဏီက ဖေဖော်ဝါရီ ပထမပတ်ကစတင်၍ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၈၂)အိမ်၊ လူဦးရေ (၈၁)ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ဧက(၁၁)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မည်ဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း ကုန်းကြမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဝေက ပြောသည်။

 

စိုးမိုးကျော်