ရန်ကုန် မေ ၁၃
အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် ကလပ်လိုင်စင် ဆောင်ရွက်မှုများကို မြန်မာကလပ် အသင်းများအနေဖြင့် အောက်တိုဘာ လမကုန်မီ ပေးပို့ရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကလပ်လိုင်စင်ပြည့်မီအောင် ဆောင်ရွက်နိုင်သည့် အသင်းများကိုသာ ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်သည်။ ကလပ်လိုင်စင်ပြုလုပ်ရာတွင် criteria ငါးချက်ပြည့်မီအောင် လုပ်ဆောင် ရပြီး Criteria တစ်ခုချင်းစီတွင်လုပ်ဆောင်ရမည့် အချက်များစွာပါဝင်လျက်ရှိသည်။ ကလပ်လိုင်စင် ဆောင်ရွက်ထားမှုကို အောက်တိုဘာလကုန်မတိုင်မီ အာရှဘောလုံးအဖွဲ့ချုပ်ထံပေးပို့ ရမည်ဖြစ်သော် လည်း မြန်မာကလပ်အသင်းများအနေဖြင့် မြန်မာနေရှင်နယ်လိဂ်က ဖွဲ့စည်းထားသော ကလပ်လိုင်စင် ဆောင်ရွက်မှုကို စစ်ဆေးပေးသည့် ကော်မတီထံ ဇူလိုင်လကုန်မတိုင်မီ တင်ပြရမည်ဖြစ်သည်။ မြန်မာ ကလပ်အသင်းများသည် ပြီးခဲ့သည့်ရာသီတွင် ကလပ်အသင်း (၁၅)သင်းအထိ ကလပ်လိုင်စင် ပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာကလပ်အသင်းများသည် အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ကလပ်ပြိုင်ပွဲများအနက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်ခွင့်ရထားသည်။ မြန်မာကလပ်အသင်းများအနေဖြင့် သတ်မှတ်ထားသည့် အချက်များအား ပြည့်မီအောင် ဆောင်ရွက်ရ မည်ဖြစ်ကာ ကလပ်လိုင်စင်ရရှိမှသာ လာမည့်ရာသီတွင် အာရှအဆင့်ကလပ်ပြိုင်ပွဲများ၌ ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွက် ကလပ်လိုင်စင်သတ်မှတ်ချက်တွင် အမျိုးသမီးကလပ် အသင်းများ ဖွဲ့စည်းရမည့်အချက်ကိုပါ ထည့်သွင်းထားပြီး အမျိုးသမီးအသင်းမရှိသည့် မြန်မာကလပ် အသင်းများအနေဖြင့် ထပ်မံဖွဲ့စည်းရမည်ဖြစ်သည်။ လက်ရှိ MNL နှင့် MNL-2 ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းအများစုတွင် အမျိုးသမီးကလပ်အသင်း ဖွဲ့စည်းထားသည့်အသင်းမှာ အနည်းငယ်သာရှိကြောင်း သိရသည်။
သတင်း-ကိုညီလေး