ဆင်ပေါင်ဝဲ၊ ၁၇ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မကြီးတောကျေးရွာ၌ စိုက်ပျိုးမြေဧက ၆၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း  ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်သို့ အချိန်မီရောက်ရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ မကြီးတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် မြေနီကျောက်စရစ်ကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၆ သန်းဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်က ပြောပြ၍ သိရသည်။

အဆိုပါ မကြီးတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၆၈ အိမ်၊  လူဦးရေ ၁၂၁၇ ဦးတို့၏ စိုက်ပျိုးမြေဧက ၆၀၈ ဧက အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)

MDN