အထက်မင်းလှ၊ ၁၇ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် မေ ၁၆ ရက် နံနက် ၉ နာရီက မင်းလှမြို့နယ်  (ကပစ-၂) မလွန်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းလှမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မင်းလှမြို့နယ် (ကပစ-၂) မလွန်မှ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ အမျိုးသား (၁)ဦး၊ အသက် (၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် လဲလှယ် အမျိုးသား (၂၂)‌ဦး၊ အမျိုးသမီး (၁၈)ဦး၊ ပျောက်ဆုံး၊ ပျက်စီးထုတ်ပေး အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (‌၄၂)ဦး စုစုပေါင်း (၉၃)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မေ ၃ ရက်မှစတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)

MDN