ချောက်၊  ၁၇   မေ

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ခုနှစ် သီးနှံစိုက်တောင်သူများ မိုးလို/မိုးခေါင်မှုကြောင့် သီးနှံအလိုက် ပျက်စီးဆုံးရှုံးများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်၁၀နာရီက မြို့နယ်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းက တောင်သူများ သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာ အကူအညီများ လိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အချိန်မရွေး အကူညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဌာနဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးစိုးသိန်းနှင့် တာဝန်ရှိသူတို့ကချောင်းတက်ကျေးရွာမှ တောင်သူ ၇ ဦး၏ နှမ်းသီးနှံပျက်စီးဆုံးရှုံးမှု ၁၅ ဧက၊  တောင်သာကျေးရွာမှ တောင်သူ၃၂ဦး၏ နှမ်းသီးနှံပျက်စီးဆုံးရှုံးမှု ၃၇ ဧက၊ မကျီးကုန်းကျေးရွာမှ တောင်သူ ၁၁၉ဦး ၏ ပဲတီစိမ်းသီးနှံ ပျက်စီးဆုံးရှုံးမှု ၁၆၁ ဧက၊ စုစုပေါင်းဧက ၂၁၃ ဧကအား တစ်ဧကငွေကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၀၆၅၀၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့သည်။

ကျန်ရှိနေသည့် သီးနှံပျက်စီးဆုံးရှုံးသော ကျေးရွာများကိုလည်း ထောက်ပံ့ငွေ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)