မန္တလေး၊ ၁၈ မေ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ နွေသီးနှံစိုက်ဧက ၁၄၀၀၀ ကျော်ကို ရေတင်စခန်း ၃၃ ခုမှ စိုက်ပျိုးရေများပြည့်ဝစွာ သုံးစွဲစိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးပြီး လျာထားဧကပြည့်မီအောင် တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနေကြကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။
အဆိုပါ နွေသီးနှံလျာထားဧကများတွင် တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် ခရိုင်၊ မြို့နယ်အလိုက် ရေတင်စခန်းများမှ ရေများပြည့်ဝစွာ သုံးစွဲနိုင်ရန် တစ်ပြေးညီစွာ မတ်လတတိယပတ်မှ စတင်ပြီး ပေးဝေစိုက်ပျိုးနေကြောင်း၊ ယခုအချိန်ထိ စိုက်ပျိုးပြီးစီးနေသည့် ဧကမှာ ၁၁၀၀၀ ကျော်ရှိနေကာ ယခုလကုန်အပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေများ ပြည့်စွာသုံးစွဲနိုင်ရန် ရေတင်စခန်း ၃၃ မှ ရေများဖြန့်ဝေပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးကျော်မြင့်က ပြောကြားသည်။
"ကျွန်တော်တို့ ရေတင်စခန်း ၃၃ ခုကနေပြီးတော့ တောင်သူတွေ စိုက်ပျိုးမယ့် နွေသီးနှံစိုက်ဧကတွေကို ရေပြည့်ဝစွာနဲ့ စိုက်ပျိုးနိုင်အောင် ပေးဝေနေတာပါ။ နွေစပါးစိုက်ဧကအပြင် အခြားသီးနှံတွေလည်း ပါပါတယ်၊၊ လျာထားစိုက်ဧကကတော့ ၁၄၄၀၂ ဧကပါ။ နှစ်စဉ်လိုလို တောင်သူတွေ စိုက်ပျိုးတဲ့သီးနှံတွေအတွက် ရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်စေဖို့ လိုအပ်ချက်ပြည့်မီအောင် ပေးဝေဆောင်ရွက်နေတာပါ" ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ ရေတင်စခန်းများမှ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ဧကများအတွက် နွေစပါးစိုက်ဧက ၃၅၁၈ ဧက၊ အခြားသီးနှံများစိုက်ဧက ၁၀၈၈၄ ဧက စုစုပေါင်း နွေသီးနှံစိုက်ဧက ၁၄၄၀၂ ဧကတို့ကို တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် ရေများပြည့်ဝစွာ ပေးဝေနေသည့် ရေတင်စခန်းများမှာ ပုသိမ်ကြီးမြို့နယ်တွင် ရေတစ်စခန်း လေးခု၊ အမရပူရမြို့နယ်တွင် ရေတင်စခန်း လေးခု၊ မတ္တရာမြို့နယ်တွင် ဆည်တော်ကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ရေတင်စခန်း ကိုးခု၊ မြစ်သားမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ တံတားဦးမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ ငါန်းဇွန်မြို့နယ်တွင် ရေတင်စခန်း သုံးခု၊ မြင်းခြံမြို့နယ်တွင် ရေတင်စခန်း လေးခု၊ တောင်သာမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ ညောင်ဦးမြို့နယ်တွင် ရေတင်စခန်း ငါးခု စုစုပေါင်း ရေတင်စခန်း ၃၃ ခုတို့မှ ရေများဖြန့်ဝေပေးနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


