ရန်ကုန်၊ ၁၈ မေ

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းနှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် (၁၁)ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်းသွားလာလျက်ရှိပြီး သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန် ကူးတို့ဆိပ်များအားလုံး ပိတ်ထားခြင်း မရှိကြောင်း သိရသည်။

“ဒီနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကျော်လောက်က ကမာကသွယ်ကူးတို့ဆိပ်၊ စက်မြေကူးတို့ဆိပ်၊ မှော်စက်ကူးတို့ဆိပ်၊ ကမာကဆစ်ကူးတို့ဆိပ်၊ ဆာပါချောင်းကျောင်းစု ကူးတို့ဆိပ်ကနေ  ရန်ကုန်ဘက်ခြမ်း (စဉ့်အိုးတန်း)၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂) ဆိပ်ကမ်းတို့ကို ပြေးဆွဲပို့ဆောင်နေတဲ့ စက်တပ်သမ္ဗန်တွေအနေနဲ့ ခေတ္တပိတ်ထားခဲ့ရတယ်၊ မိနစ် ၄၀ ကျော်လောက် စောင့်ဆိုင်းခဲ့ရတယ်၊ သိပ်မကြာဘူး ၇ နာရီကျော်လောက်မှာ  စက်တပ်သမ္ဗန်များ ပြန်လည်ပြေးဆွဲလို့ ရသွားလို့ ခရီးသည်တွေကို ပုံမှန်ပို့ဆောင်ပေးပါတယ်၊ ဒီဘက်ခြမ်းဖြစ်တဲ့ တံလျှပ်ကူးတို့ဆိပ်၊ ကမာအောင်ကူးတို့ဆိပ်၊ ရေကန်ကူးတို့ဆိပ်၊ သမ္မတကမ်းခြေ ကူးတို့ဆိပ်တို့က ဗိုလ်တထောင် သမ္ဗန်ဆိပ်နဲ့ ပန်းဆိုးတန်းဆိပ်တို့ကို ပြေးဆွဲနေမှုက ပိတ်ထားခြင်း မရှိဘူး၊ ပုံမှန်ဖွင့်ပြီးတော့ ခရီးသည်တွေကို ပို့ဆောင်ပေးပါတယ်” ဟု မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အတူ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူများ၊ ဒေသခံများအနေဖြင့် ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေး ကူးတို့ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသော ချယ်ရီသင်္ဘော ရေယာဉ်များအနေဖြင့် ရပ်နားခြင်းမရှိဘဲ ပုံမှန်ပို့ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသည်များ ပုံမှန်သွားလာလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ဆိပ်ကမ်းတို့မှ တာဝန်ရှိသူများထံမှ သိရသည်။ 

လက်ရှိအချိန်တွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၄ ခေါက်၊  အပြန် ၃၄ ခေါက်နှုန်းဖြင့် ဒလဘက်ကမ်းမှ နံနက် ၅ နာရီခွဲမှ စတင်၍ ည ၇ နာရီအထိ လည်းကောင်း၊ ပန်းဆိုးတန်းဘက်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍  ည ၇ နာရီခွဲအထိ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အသွား ၂၃ ခေါက်၊ အပြန် ၂၃ ခေါက်နှုန်းဖြင့် လည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။

နိုင်လင်းကျော်(ပြန်/ဆက်)