ရမ်းဗြဲ၊ ၁၈ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ (VDP) ဆောက်ရွက်သော ကျေးရွာရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများပြီးစီးမှုကို မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းသည် တာဝန်ခံ ဝန်ထမ်းများနှင့်အတူ မေ ၁၈ ရက် နံနက်ပိုင်းက မြေပုံကျေးရွာအုပ်စု၊ ဂြင်းတောကျေးရွာတွင် မြေသားရေကန်မှ ရေအားပိုက်လိုင်သွယ်တန်းပြီး အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်း ဆောင်ရွက်ပြီးစီးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၎င်းလုပ်ငန်းများမှာ (VDP) ရန်ပုံငွေဖြင့် ကျေးရွာကော်မတီမှ ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သော လုပ်ငန်းဖြစ်ပြီး ကျေးရွာမှကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ထားရှိသော အမြင့်ရေကန်မှ ရေကို ရေပိုက်လိုင်းသွယ်တန်းခြင်း (၅၄၀၀)ပေအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ (၁၀၀)သိန်း ကျေးရွာသူသားများ၏ လုပ်အားတန်ဖိုး ၁၇ ဒသမ ၆ သိန်း၊ စုစုပေါင်း ၁၁၇ ဒသမ ၆ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ရမ်းဗြဲမြို့နယ် မြေပုံကျေးရွာအုပ်စု၊ ဂြင်းတောကျေးရွာတွင် အိမိခြေ (၇၆)အိမ်၊ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၄၈၄)ဦး နေထိုင်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ယခုအခါ ကျေးရွာသူ၊ ကျေးရွာသားများမှာ သောက်သုံးရေဖူလုံစွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


