ရန်ကုန်၊ ၁၈ မေ
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေ ၃ ရက်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ (၁၈၁၃၃၂)ဦးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရန်ကျန်ရှိသူ (၁၆၄၉၄)ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယား မရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းထံမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်သို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှစ၍ ၁၈ လ အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)


