နေပြည်တော်၊ ၁၈ မေ
နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကလေးများအားလုံးတွင် အသက်ရှင်သန်ခွင့်ရှိပြီး အစားအသောက်၊ နားခိုရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ခွင့်ရှိသည့်အပြင် ပညာသင်ကြားခွင့်နှင့် အခြေခံလိုအပ်ချက်များကို ရပိုင်ခွင့်ရှိပါကြောင်း၊ ကလေးများအား ခေါင်းပုံဖြတ်ခြင်း၊ အန္တရာယ်ဖြစ်စေမည့် မည်သည့်ကိစ္စမဆို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ကလေးအလုပ်သမားဖြစ်စေသည့် အခြေခံအကြောင်းရင်းများဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့၏ အခွင့်အရေးများကို ကျယ်ပြန့်စွာ သိရှိစေရန်ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူခွင့်နှင့် ကျောင်းပြင်ပပညာရေးများ သင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ သိရှိစေရန် အသိပညာဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနှင့်ပြည်သူများပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လို အပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က နေပြည်တော် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုမြတ်သဇင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍လည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေမျာကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


