ရွှေဘို၊ ၁၉ မေ
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများပြုန်းတီးမှုမရှိစေရန် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ဧရာဝတီလင်းပိုင် စောင့်ရှောက်ထိန်းသိမ်းသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်များအတွင်း ငါးသယံဇာတနှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအတွက် DOF SGG (001) နှင့် SGG (002) ရေယာဉ် နှစ်စီးကို ဆောက်လုပ်ခဲ့ကြပြီး ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါရေယာဉ်နှစ်စီးအနက် DOF SGG (001) ရေယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းဦး ဦးဆောင်သောအဖွဲ့သည် မေ ၁၅ ရက်ကစတင်ပြီး မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စတင်ထွက်ခွာခဲ့ကြရာ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံသို့ ရောက်ရှိပြီး ၎င်းမှတစ်ဆင့် မြေတော်အထိ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မေ ၁၆ ရက်တွင် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦး၊ ဦးဆောင်သောအဖွဲ့နှင့် စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်တူးရိန်တို့ ပူးပေါင်းပြီး မြေတော်မှ မန္တလေးအထိ ဧရာဝတီမြစ်အတွင်း သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက်တွင် မန္တလေးမှ ကျောက်မြောင်းမြို့အထိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာနယ်မြေ(၁)အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လှည့်ကင်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ မှတ်တမ်းပြုစုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ (ရွှေဘို)


