ပဲခူး၊ ၁၉ မေ
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေ ၁၈ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမှသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ လုံခြုံရေးအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်၍ အဖျက်အမှောက်လုပ်ငန်းများ၏ သတင်းအချက်အလက်များ တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက်တော့မည်ဖြစ်၍ ကျောင်းတွင်း/ပြင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျလုံခြုံရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်း ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါ ရောဂါပိုး ပြန်လည်တွေ့ရှိနေပြီဖြစ်၍ နယ်စပ်ဂိတ်များ သေချာစွာစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များတင်ပြရန်၊ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများတွင် COVID-19 ရောဂါကုသနိုင်ရေးအတွက် ပြင်ဆင်ထားရန်၊ Facility Quarantine သီးခြားထားရှိနိုင်မည့်နေရာများ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန်နှင့် ကျေးရွာနေပြည်သူများအား စိုက်ပျိုးရေးနည်းစနစ် မွေးမြူရေးနည်းစနစ်များ သိရှိစေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဆိုင်ရာ အချက်အလက်များအား တင်ပြကြရာ ကောင်စီအဖွဲ့ဝင်များမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


