ဗန်းမောက်၊ ၂၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံအင်အုပ်စုအတွင်းရှိ မင်းကုန်းကျေးရွာနှင့် အရှေ့ကုန်းကျေးရွာချင်းဆက် မြေသားလမ်းပိုင်းအား မေ ၁၆ ရက်မှစတင်ကာ ကိုယ့်အားကိုယ်ကိုးဖြင့် လမ်းပြင်၊ လမ်းချဲ့ လမ်းမြေကမ်းပေါင်တင်ခြင်းနှင့် ဂျင်းမြေသားလမ်းခင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပိုင်းသည် အရှည် (၄)မိုင်၊ အကျယ် (၃၀)ပေ၊ အမြင့် (၂)ပေရှိ လမ်းဖြစ်ပြီး မိုးရာသီရောက်ပါက ရွှံ့ဗွက်များထခြင်း၊ လမ်းပေါ်၌ ရေများတင်ကျန်ကာ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် တစ်ရွာနှင့် တစ်ရွာ ကူးသန်းသွားလာနေကြသူ ပြည်သူများမှာ သွားလာရေးအခက်အခဲများ ရှိခဲ့ကြသဖြင့် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ ထည့်ဝင်လှူဒါန်းငွေ၊ တစ်ပိုင်တစ်နိုင် ရွှေလုပ်ငန်းရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် လမ်းပြင်၊ လမ်းချဲ့ လမ်းမြေကမ်းပေါင်တင်ခြင်းနှင့် ဂျင်းမြေခင်းခြင်းတို့အား ဆောင်ရွက်ခြင်းဖြစ်သည်။
“ကျွန်တော့်ရဲ့ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တံတားတွေ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတွေကို ရွှေသတ္တုတူးဖေါ်ရေးကုမ္ပဏီ လုပ်ငန်းရှင်တွေ တစ်ပိုင်တစ်နိုင် ရွှေလုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး သူတို့တွေဆီက ထည့်ဝင်လှူဒါန်းငွေတွေ၊ ကုမ္ပဏီက စက်ယန္တရားတွေနဲ့ ကိုယ့်အုပ်စု ဖွံ့ဖြိုးတိုးတက်အောင်၊ လမ်းတွေကောင်းမွန်ပြီး ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အရှည်ပေ ၂၄၀၀၊ အကျယ်ပေ ၂၀ ရှိတဲ့ သရက်ကုန်း ကူးဆိပ်သံဘောင်ဘေလီတံတား၊ ၂၀၁၆ ခုနှစ်က အရှည်ပေ ၂၀၀၀၊ အကျယ်ပေ ၂၀ ရှိတဲ့ အရှေ့ကုန်း သံဘောင်ဘေလီတံတား၊ ၂၀၁၇ ခုနှစ်မှာ အရှည် ပေ ၁၃၀၊ အကျယ် ၁၅ ပေ နန့်မား သံဘောင်ဘေလီတံတားနဲ့ ၂၀၁၉ ခုနှစ်မှာ အရှည်ပေ ၆၀၊ အကျယ် ၁၃ ပေခွဲရှိတဲ့ နန့်ခမ်း သံဘောင်ဘေလီတံတား လေးစင်းကို ကိုယ့်အားကိုယ်ကိုးနဲ့ တည်ဆောက်ပြီးခဲ့ပါပြီ။ နောင်ကွတ်ကျေးရွာနဲ့ မံစီးကြီးကျေးရွာချင်းဆက်လမ်းကိုလဲ မေလ ၇ ရက်ကနေ ၁၅ ရက်ထိ ဂျင်းမြေလမ်းခင်းပြီးသွားပါတယ်။ ဒီလမ်းတွေကောင်းသွားပြီဆိုတော့ သွားလာရေး အဆင်ပြေလာတော့မှာပါ” ဟု မံအင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ပြောသည်။
အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်းပိုင်းအား လမ်းပြင်၊ လမ်းချဲ့ ဂျင်းမြေခင်းခြင်း ဆောင်ရွက်ပြီးစီးပါက တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာနေကြသော ကျေးလက်နေပြည်သူများ၊ နောင်ပွတ်ရွှေမှော်သို့ စျေးရောင်းစျေးဝယ် သွားလာနေကြသည့် ပြည်သူများနှင့် အရှေ့ကုန်းကျေးရွာ အထက်တန်းကျောင်းသို့ ပညာသင်ယူလာကြသော ကျောင်းသား ကျောင်းသူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


