ရမည်းသင်း၊ ၂၀ မေ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်းဖြင့် ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းကို ရမည်းသင်းမြို့နယ်အတွင်းရှိ ဝကုန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ နဘူးကျင်းကျေးရွာ၊ အင်းပေါင်(မ)ကျေးရွာ၊ အနောက်အုတ်ဖိုကျေးရွာနှင့် ညောင်အိုင်ကျေးရွာတို့တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ ခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းလုပ်ငန်းများဖြစ်သည့် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ ကုန်ထုတ်လမ်းမြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း နှစ်ခု၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု၊ ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း တစ်ခုနှင့် မြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု စုစုပေါင်းလုပ်ငန်း ခုနစ်ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၇၀ သန်းနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးထံမှ သိရသည်။

ရဲအောင်(ကျေးလက်)