ဘားအံ၊ ၂၀ မေ
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်၊ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ မြိုင်သဇင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဣဿရိယ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ရေစက်ချအခမ်းအနားသို့ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကမ်းနီကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာသဘင်အတွက် အလှူတော်ငွေ ငါးသိန်းကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဒါယကာ၊ ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးခဲ့ကြသည်။
ဘားအံမြို့၊ မြိုင်သဇင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဣဿရိယ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) သည် သက်တော် (၈၃)နှစ်၊ သိက္ခာတော် (၆၃)ဝါရှိပြီး ဧပြီ ၁၉ ရက်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဥတုဇရုပ်ကလာပ်တော်အား တစ်လတိတိ အပူဇော်ခံထားရှိ၍ တောင်ကလေးကရင်နှစ်သစ်ကူးကွင်းသို့ ရုပ်ကလာပ်တော်အား ပင့်ဆောင်ပြီး မေ ၂၀ ရက်ညတွင် အန္တိအဂ္ဂိ ဈာပန သာဓုကီဋ္ဌန အခမ်းအနားကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


