လှိုင်းဘွဲ ၂၀ မေ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ လယ်သမားများအတွက် သီးနှံများ စိုက်ပျိုးချိန်တွင် အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သည့်ငွေများ ရရှိစေရန် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း (၁၁၀၀ ဒသမ ၄၀) ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ကြောင်း သိရှိရသည်။

 

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက ၇၃၃၆ ဧကအတွက် ချေးငွေကျပ်သန်း (၁၁၀၀ ဒသမ ၄၀) ထုတ်ချေးပေးရန် လျားထားလျက်ရှိပြီး စပါးစိုက်ဧက (၁) ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် မေ ၂၆ ရက်မှ စတင်၍ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ မိုးစပါးချေးငွေများကို အတိုးနှုန်းအနေဖြင့် တောင်သူလယ်သမားများ ထုတ်ချေးမှုပေါ်တွင် ငွေကျပ် ၁၀၀ လျှင် (၅) ရာခိုင်နှုန်းအတိုးဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ဘဏ်တိုးငွေနှင့် ချေးငွေပြန်လည်ပေးအပ်ရန် သတ်မှတ်ထားသည့်ကာလ ကျော်လွန်ပါက ကျသင့်အတိုးအပြင် ကျော်လွန်ကာလ၏ ငွေကျပ် ၁၀၀ လျှင် ၅၀ ပြားနှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးချေးငွေများကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံသို့ စိုက်ပျိုးလုပ်ကိုင်ချိန်အမီ စိုက်ပျိုးနိုင်ရန် ထုတ်ချေးပေးခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအား ဘဏ်လုပ်ငန်း ဆောင်ရွက်မှုဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ခင်အေးလျာထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)