ကျောက်ဆည်၊ ၂၁ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုပ်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေ တို့ဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်း ယခုနှစ်တွင် ငရုတ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျှက်ရှိကြောင်း ငရုတ်စိုက်ပျိုးသူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် (၆၉၂) ငရုတ်မျိုးများကို အဓိထား စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေရန်အတွက် ပေါင်များပြုလုပ်၍ တစ်ပင်တန်း၊ နှစ်ပင်တန်း(စွယ်စုံ)ဟူ၍ စိုက်ပျိုးကြကြောင်း၊ “ယခုနှစ်မှာ ငရုတ်စိုက်ခင်းများ အားလုံး အပင်ကောင်းပြီး အသီးသီးနှုန်းကောင်းကြောင်း၊ ငရုတ်သီးဆွတ်တဲ့ အလုပ်သမားတစ်ယောက်ကို ထမင်း၊ မုန့်ကျွေးကာ တစ်နေ့(၄၀၀၀)ကျပ် ပေးငှားရကြောင်း၊ အသီးအပေါ် မူတည်ပြီး ရောင်းဈေး အသီးတစ်တင်းကို (၅၀၀၀)ကျပ်နဲ့(၆၅၀၀)ကျပ် အကြား ရောင်းရကြောင်း တောင်သူတွေအနေနဲ့ အမြတ်ငွေမကျန်ကြောင်း” မင်းစုကျေးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်သန်းနွဲ့ထံမှ သိရသည်။
ငရုတ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၈၀၀၀၀၀)နှင့်(၁၀၀၀၀၀၀) ကုန်ကျစရိတ်ရှိပြီး အပင်ကောင်းပါက ရာသီကုန်သည်အထိ ငရုတ်တင်းပေါင်း(၂၀၀) ခန့်ရရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်၌ တိုက်နယ်(၆)ခုတွင် ငရုတ်သီးနှံ(၁၂၁၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


