ကြို့ပင်ကောက်၊  ၂၁  မေ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနက မိုးဦးရာသီသစ်ပင်စိုက်ပျိုးရန် အတွက် ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း ငါးသောင်းကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ မကျီးကုန်းပျိုးဥယျာဉ်နှင့် မြို့ကိုင်းပျိုးဥယျာဉ်တို့တွင် ကျွန်းပျိုးပင်(၂၀၀၀၀)၊ ပျဉ်းကတိုးပျိုးပင်(၂၀၀၀)၊ ပိတောက်ပျိုးပင်(၂၅၀၀)၊ ယမနေပျိုးပင်(၅၀၀၀)၊ မန်ဂျန်ရှားပျိုးပင်(၂၀၀၀၀)နှင့် ဝါးပျိုး ပင် (၅၀၀) စုစုပေါင်းပျိုးပင်ပေါင်း ငါးသောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။ ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးဦးရာသီတွင် သစ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း မြို့နယ်သစ်တောဦးစီးမှူးဦးခင်မောင်ဝင်းကပြောသည်။

ယခုပျိုးထောင်ထားရှိသော ပျိုးပင်များထဲမှ ရွှေလောင်းကြိုးဝိုင်း အကွက်အမှတ်(၁၀၈)တွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ မန်ဂျန်ရှားပျိုးပင်ပေါင်း (၅၀၀) ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ကျေးရွာစိုက်ခင်း (၂)ဧကအတွက် ပျိုးပင်ပေါင်း(၁၀၈၀)ပင်နှင့် ပြည်သူလူထုထံဖြန့်ဝေပေးမည့် ပျိုးပင်ပေါင်း (၄၈၄၂၀) တို့ကို မကျီးကုန်းပျိုးဥယျာဉ်နှင့် မြို့ကိုင်းပျိုးဥယျာဉ်တို့တွင် စိုက်ပျိုးပြုစုထားရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)