တွံတေး ၂၁ မေ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ယခုလဆန်းပိုင်းမှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ တွံတေးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ် စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပြည်သူ့စာကြည့်တိုက်ကို အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ အထိ နေ့စဉ် နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားပြီး နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ်၀တ္တုများ၊ ရုပ်ပြများ၊ သုတ/ရသ စာအုပ် စာစောင်ပေါင်း (၁၂၄၉၆) ကျော်ရှိပြီး စာပေချစ်မြတ်နိုးသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကလေးသူငယ်များ လာရောက် အခမဲ့ ငှားရမ်းဖတ်ရှုလျက်ရှိပြီး စာပေဝါသနာပါသူ မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းလည်း သိရသည်။
တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့သော်လည်း ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိပြီး အသိပညာပေး အစီအစဉ်များကို တွံတေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်


