မိုးနဲ၊ ၂၁ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသား လူမှုရေးပင်စင်များကို ယနေ့နံနက် ၈ နာရီက ရပ်ကွက်နှင့်ကျေးရွာများသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဥယျာဉ်ရပ်ကွက်နှင့် ပေါ့မိုင်းရပ်ကွက်ရှိ အဘိုးအဘွား(၁၉)ဦးအား ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လ သုံးလအတွက် ငွေကျပ် ၃၀၀၀၀ စီကို အိမ်တိုင်ရာရောက်သွားရောက် ဂါရဝပြု ပေးအပ်ခဲ့ကြသည်။
မိုးနဲမြို့နယ်အတွင်း မြို့ပေါ် ငါးရပ်ကွက်တွင် သက်ကြီးဘိုးဘွား (၄၄)ဦး၊ ကျေးရွာအုပ်စု (၁၁)အုပ်စုတွင် (၄၇)ဦးနှင့်ကျိုင်းတောင်းမြို့တွင် (၁၀)ဦး စုစုပေါင်း အသက်(၈၅)နှစ်နှင့် အထက် အမျိုးသားလူမှုရေး ပင်စင်ရရှိသူ သက်ကြီးဘိုးဘွား(၁၀၁)ဦးရှိပြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်ဆင်းသွားရောက်ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


