မြောက်ဦး ၂၃ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများမှ ဉပဒေစည်းမျဉ်းများ၊ ပမာဏမူကြမ်း အကြံပြုချက်များရယူရန် သက်ဆိုင်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်းကို မေ ၂၂ ရက် မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမှုများနှင့်ပတ်သက်၍ မြောက်ဦးမြို့ဟောင်း ပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် ယဉ်ကျေးမှုဂုဏ်ဒြပ် လက္ခဏာ သက်သေများဖြစ်သည့် သွယ်တန်းနေသော တောင်ကုန်းမြို့ရိုးစနစ်များ၊ သင်္ဘောဆိပ်နှင့် သင်္ဘောကျင်းများ၊ ရေအသုံးချမှု လက္ခဏာများဖြစ်သည့် ဆည်၊ ရေတံခါး၊ ကျုံးများ၊ မြို့တံခါး၊ ခံတပ်၊ နန်းတော်ရာတံတိုင်း၊ စပါးကျီ၊ မြောက်ဦးခေတ် ကျောက်စာများ၊ ဂူဘုရား၊ ဗုဒ္ဓဆင်းထုတော်၊ ပိဋကတ်တိုက်များ စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြောက်ဦးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်စမ်းနွယ်က မြောက်ဦးဒေသ၏ အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုက်နာရမည့် အဆောက်အအုံ ဉပဒေစည်းမျဉ်း (မူကြမ်း) ရေးဆွဲထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း မိမိတို့သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ဆောင်ရမည့် ဉပဒေစည်းမျဉ်းများနှင့်ပတ်သက်၍ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


