စေတုတ္တရာ၊၂၄ မေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေ ၂၁ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်အေးစုစုလတ်က “အငြိမ်းစားပင်စင်လစာများကို လစဉ်လတိုင်း ၂၁ ရက်နေ့ နိုင်ငံဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ အဆင်ပြေစွာ ထုတ်ပေးလျက်ရှိပါတယ်။ အဆိုပါပင်စင်လစာများ ထုတ်ပေးရာမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများ၊ မြို့ပေါ် အမှတ်(၁)ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများနှင့် အမှတ်(၂)ရပ်ကွက်မှ ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်အလိုက် ထုတ်ပေးခြင်းဖြစ်ပါတယ်။ သတ်မှတ်ရက်များမှာ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားမိဘပြည်သူများကိုလည်း ရုံးချိန်များအတွင်း ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ပင်စင်စား မိဘပြည်သူများအား ဘဏ်အတွင်းသို့မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေးအတွက် မျဉ်းများသတ်မှတ်ကာ ထိုင်ခုံများစီစဉ်ပေးပြီး ပင်စင်လစာများအား စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းနှင့် အငြိမ်းစား ပင်စင်ဝန်ထမ်းဦးရေအနေဖြင့် စုစုပေါင်း ၆၆၅ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)