ရန်ကုန်  မေ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြိူ့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၄ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် ရန်ကုန်တောင်ပိုင်းခရိုင်ပညာရေးဦးစီးဌာန ခရိုင်ပညာရေးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးဘသန်း တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးတို့အား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးတွင် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ Mask၊ Face Shild နှင့် သာမိုမီတာများအား ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် ခရိုင် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဘသန်း၊ ခရိုင်စီမံအုပ်​ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုလုပ်ဘဲ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask နှင့် Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်