ဥတ္တရသီရိ၊ ၂၄ မေ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများအား မေ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း အပ်နှံရမှာဖြစ်ပြီး ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face Shield တို့ကိုလည်း အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့်အတူ မိဘပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် အထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၆)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း (၁၉)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၂)ကျောင်းရှိပြီး အဆိုပါ ကျောင်းများတွင်လည်း မေ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

mdn