စစ်တွေ၊ ၂၄ မေ
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေ ၂၄ ရက်မှ ၃၁ ရက်ထိ သတ်မှတ်ထားရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံနေမှု ဆရာ၊ ဆရာမများက ကျောင်းသားလက်ခံနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)၊ Face Shield တို့ကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ပေးကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းဆောင်များ ကြံ့ခိုင်မှုအခြေအနေ၊ ကျောင်းဆောင်များ ပြုပြင်ရန်လိုအပ်ချက်များနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


