ကန့်ဘလူ၊ ၂၄ မေ

ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ ရထားစီးနင်းနိုင်ကြစေရန်အတွက် မြန်မာ့မီးရထားမှ အမှတ်(၅၃)အဆန်၊ အမှတ်(၅၄)အစုန် RBE ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ကန့်ဘလူဘူတာမှ မန္တလေး - ကန့်ဘလူသို့ မေ ၂၅ ရက်မှစတင်၍ ယာယီပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ကန့်ဘလူဘူတာရုံပိုင်ကြီးထံမှ သိရသည်။

အဆိုပါရထားသည် ယခုနှစ် ဧပြီ ၂၇ ရက်ကစတင်၍ မန္တလေးဘူတာကြီးမှ နံနက် ၆ နာရီခွဲတွင် စတင်ထွက်ခွာပြီး ကန့်ဘလူဘူတာသို့ နံနက် ၁၁ နာရီတွင်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ကန့်ဘလူဘူတာမှ မန္တလေးဘူတာကြီးသို့ ပြန်လည်ထွက်ခွာရာ ညနေ ၄ နာရီခွဲတွင် ဆိုက်ရောက်ကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူဘူတာမှ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေးသို့ နေ့ချင်းပြန်သွားမည့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် မေ ၂၅ ရက်မှစတင်၍ ကန့်ဘလူဘူတာမှ ထွက်ခွာမည်ဖြစ်သည်။ ထိုသို့ထွက်ခွာရာတွင် ကန့်ဘလူဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး မန္တလေးဘူတာကြီးသို့ နံနက် ၁၀ နာရီ ၄၅ တွင် ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါရထားသည် မွန်းလွဲ ၂ နာရီ မန္တလေးမှထွက်ခွာ၍ ကန့်ဘလူဘူတာသို့ ညနေ ၆ နာရီခွဲတွင် ဆိုက်ရောက်ကာ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီးဘူတာများဖြစ်သော ထန်းကုန်း၊ ထန်းတပင်(ဇီးကုန်း)၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ပဒူ၊ အမရပူရ ဘူတာများတွင် နှစ်မိနစ်ခန့် ရပ်တန့်ပေးသွားမည်ဖြစ်သည်။ RBE ရထားလက်မှတ်ခမှာ ကန့်ဘလူဘူတာမှ ခင်ဦးဘူတာအထိ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀၀၊ မန္တလေးဘူတာကြီးအထိ ကျပ် ၄၀၀၀ ဖြစ်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုင်ခုံနှစ်ခုံလျှင် ခရီးသည်တစ်ဦးသာ စီးနင်းရမည်ဖြစ်ကြောင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင် စီးနင်းကြရမည်ဖြစ်ကြောင်း ကန့်ဘလူဘူတာ တာဝန်ခံရုံပိုင်ကြီး ဦးဝင်းမြင့် ပြောကြားချက်အရ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)