နေပြည်တော်၊ ၂၄ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ ၂၃ ရက် နံနက်ပိုင်းတွင် မော်လမြိုင် - ချောင်းဆုံ လမ်းအခြေအနေနှင့် သံလွင်တံတား(မော်လမြိုင်) ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အမြင်တင့်တယ်လှပရေးအတွက် တံတားအပေါ်ထည်သံပေါင်များ၏ လိုအပ်သည့် အပိုင်းများကို ဆေးသုတ်ပေးရန်နှင့် တံတားကိုယ်ထည်နှင့် တံတားအောက်ပိုင်း ကြံ့ခိုင်မှုတို့ကို နှစ်စဉ်စစ်ဆေးပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကျိုက်ထို - ကျိုက္ကသာ ကျေးလက်လမ်း ကတ္တရာခင်း ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ကျိုက်ထို - ကျိုက္ကသာကျေးလက်လမ်းသည် အရှည် (၁၂)မိုင် (၂)ဖာလုံကျော်ရှိပြီး လမ်းအဆင့်အတန်း Class A အမျိုးအစားတွင်ပါဝင်ကာ ကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ (၇)ရွာ၊ အိမ်ခြေ (၄၄၄၆)အိမ်နှင့် လူဦးရေ (၂၆၈၀၀) ကျော်တို့ကို အကျိုးပြုမည် ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မော်လမြိုင်လမ်း၊ (ဘုရားကြီး - ကျိုက်ထိုအပိုင်း) မိုင်တိုင်အမှတ် (၇၅/၀ နှင့် ၇၅/၁) ကြားတွင် တံတားဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် အဗျားရေလွှဲပေါက်တံတားဘေးတွင် အရှည် ပေ (၂၄၀) သံကူကွန်ကရစ်တံတားသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပဲခူးမြို့သို့ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)က ပဲခူး - သနပ်ပင် - ခရမ်း - သုံးခွ - သန်လျင်လမ်း (ပဲခူး - သနပ်ပင် လမ်းအပိုင်း)တွင် ကတ္တရာကွန်ကရစ်လမ်း (AC) ခင်းနေမှုကို လည်းကောင်း၊ ပဲခူးမြို့ အရှေ့မြို့ရှောင်လမ်း (၀/၀) မိုင်မှ (၆ / ၀) မိုင်အထိ လမ်းသစ်ဖောက်လုပ်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို လည်းကောင်း၊ ပဲခူးမြို့ဝန်းကျင် တွင်ကွန်ယက်သဖွယ် ဖောက်လုပ်ထားရှိသည့် လမ်း၊ တံတားအခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်း၊ တံတားများ တိုးတက်ကောင်းမွန်ရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၉)မှ သမိန်ဗရမ်း - သံတော်တွင်း - မဂ္ဂတစ်လမ်းပေါ်ရှိ အရှည်ပေ (၂၁၀) ကျုံးကူးတံတားတည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်


