မုံရွာ ၂၄ မေ
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် မေ ၂၄ ရက် မွန်းလွဲပိုင်းတွင် မေ ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်ရှိ ရုံးအဆောက်အဦများ၊ လူနေအိမ်များ၊ ဝန်ထမ်းအိမ်ရာများ၊ မီးတိုင်များ ထိခိုက်ပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လမ်းပိတ်ဆို့နေသော (၂၁) နေရာအား အမြန်ဆုံးရှင်းလင်း ဆောင်ရွက်ကြရန်နှင့် ပျက်စီးသွားသော ရုံးအဆောက်အဦများ၊ လူနေအိမ်များအား အမြန်ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မန်းကျီးစောက်ကျေးရွာသို့ ဆက်လက်သွားရောက်၍ လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော အခြေခံပညာ အလယ်တန်းကျောင်း အမိုးများ ပျက်စီးမှုနှင့် မျက်နှာကျက်များပျက်စီးမှု၊ လူနေအိမ် (၃) လုံး လုံးဝပြိုကျ ပျက်စီးမှုနှင့် လူနေအိမ် (၁၃) လုံး အမိုးလန်ပျက်စီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လေဘေးသင့် အိမ်ထောင်စု (၁၆) စုအား ထောက်ပံ့ငွေကျပ် (၅) သိန်းနှင့် တိုင်းဒေသကြီး သဘာဝဘေး စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် မန်ကျီးစောက် ကျေးရွာ၊ စိတြရံသီဘုန်းကြီးကျောင်း ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းအတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အဦများနှင့် စေတီတော်များ ထိခိုက်ပျက်စီးမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


