ဘားအံ၊ ၂၅ မေ
ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ မိမိတို့ပြည်နယ်တွင်လည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များကိုလည်း ဆက်လက်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီရောက်ရှိတော့မည့် မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထရှိသည့် မိုးကြိုးပစ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကဲ့သို့သော မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပူပြင်းခြောက်သွေ့သည့် ကာလဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအားလုံးကို ကြိုတင်ကာကွယ်သည့်အပိုင်း၊ ဘေးကျရောက်ချိန်တွင် မည်သို့ဆောင်ရွက်ရမည်ဟူသည့် အပိုင်းနှင့် ဘေးကျရောက်ပြီးချိန်တွင် ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆောင်ရွက်ရမည့်အပိုင်းဟူ၍ အပိုင်း(၃)ပိုင်းခွဲပြီး ကြိုတင်ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်အချို့ကို အကျဉ်းချုံး ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးကျော်စိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


