ကျောက်ဆည်၊ ၂၅ မေ
ကျောက်ဆည်မြို့ တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးများ၊ ညောင်ရေသွန်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်/ကျေးရွာများရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင်လည်း သီလယူသူများနှင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့တွင် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရား၊ ရွှေသာလျောင်း ဆုတောင်းပြည့်ဘုရား၊ ရွှေဆပ်သွားဘုရား၊ တမုတ်ရွှေဂူကြီးဘုရားများသည် တန်ခိုးကြီး ဘုရားများအဖြစ် လူသိများကာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လျက် ရှိကြောင်း သိရှိရပြီး မေ ၂၅ ရက် ကဆုန်လပြည့် နံနက်ပိုင်းတွင် မဟာရွှေသိမ်တော် ဆုတောင်းပြည့်ဘုရားတွင် ဘုရားဖူးများ၊ ကုသိုလ်ပြုသူများ၊ ညောင်ရေ သွန်းသူမျးနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းအနီး သင်တောင်းကျေးရွာတွင် တည်ရှိကာ “ဘုရားဖူးတွေရဲ့ ဆိုင်ကယ်၊ ကားတွေအတွက် ယာဉ်ရပ်နားကွင်း သီးသန့်လုပ်ပေးထားပြီး လုံခြုံရေးအတွက် လူအင်အားအလုံအလောက်နဲ့ CCTV ကင်မရာတွေကိုလည်း တပ်ဆင် ပေးထားပါတယ်၊ ဒါ့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ထားပြီး ဘုရားဖူးပြည်သူတွေ လိုက်နာကြဖို့ ဗွီနိုင်းပိုစတာများ၊ စတေကာ စာတမ်းများ ကပ်ပေးထားပါတယ်” ဟု ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
“ကျွန်မ အခုလာရောက်ဖူးမြော်ဆုတောင်းတာ နှစ်ကြိမ်မြောက်ပါ၊ ဘုရားဖူးရတာ စိတ်ကြည်နူးမှု အပြည့်အဝရပြီး ပထမတစ်ခါ ဘုရားဖူးလာပြီး ဆုတောင်းတာပြည့်လို့ အခုထပ်ပြီး လာရောက်ဆုတောင်းခြင်းဖြစ်ကြောင်း” ပြင်ဦးလွင်မြို့မှ ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မသီတာက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)


