ဗန်းမောက်၊ ၂၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်ခြေရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်အား ထီးတော်တင်လှူပွဲ မဂ်လာအခမ်းအနားကို မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များနှင့် ဧည့်ပရိသတ်များက ရွှေဘုန်းပွင့်စေတီတော် ဖြစ်မြောက်ရေး နာယက စက်တောဆရာတော် ဦးပဏ္ဍဝံသထံမှ ငါးပါးသီလနှင့် ဩဝါဒကို နာယူကြည်ညိုကြပြီး နံနက် ၁၁နာရီခွဲတွင် စေတီတော်အား စိန်ဖူးတော်အလှူရှင် ဦးဘကြည် ဒေါ်ဌေးကြည်မိသားစု၊ ထီးတော်အလှူရှင် ဦးနိုင်ဦး ဒေါ်သင်းသင်းကြူမိသားစု၊ ဂေါပကအဖွဲ့ဝင်များ၊ ရာဇာဝင်း၊ ဒေဝါဝင်းများနှင့် ဧည့်ပရိသတ်များက စေတီတော်အား လက်ယာရစ် သုံးကြိမ်လှည့်ပတ်ပူဇော်ကာ ထီးတော်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
ထို့နောက် ရွှေဘုန်းပွင့်စေတီတော်ဖြစ်မြောက်ရေး နာယက စက်တောဆရာတော် ဦးပဏ္ဍဝံသနှင့် ပင့်သံဃာ ၆၃ ပါးတို့က အနုမောဒနာတရားကို ချီးမြှင့်ခဲ့ကြပြီး လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ရေစက်ချအမျှပေးဝေကြသည်။
အဆိုပါစေတီတော်အား စေတီတော်ဖြစ်မြောက်ရေး အကျိုးတော်ဆောင်ဆရာတော် အရှင်ကိဒ္ဓိသာရနှင့် ဇလုံတောင်ဘုရားဖူးများ၊ ဗန်းမောက်မြို့နယ် အသီးသီးမှ စေတနာရှင် အလှူရှင်များ၏ ကောင်းမှုကုသိုလ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နီတိုး


