ရန်ကုန်၊ ၂၅ မေ
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မဟာဗောဓိ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို မေ ၂၅ ရက် နံနက် ၇ နာရီမှစတင်၍ စေတီတော်ရင်ပြင် အင်္ဂါထောင့် မဟာဗောဓိညောင်ပင်၌ စည်ကားသိုက်မြိုက်စွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပူဇော်သည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ သြဝါဒါစရိယဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရဘဒ္ဒန္တနာဂီတထံမှ ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည် ကြသည်။
ဆက်လက်၍ (၃၈)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းက “ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာ” စကားလျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ သြဝါဒါ စရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက ယောဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေသည်။
ထို့နောက် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများက “ဥဒ္ဒိဿယဇိနံဗုဒ္ဓ” အစချီသော ညောင်ရေသွန်းဂါထာကို ရွတ်ဖတ်ပူဇော်ကြပြီး ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရဟန်းရှင်လူဘုရားဖူးပြည်သူများက ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။
ကျော်ဆန်းမြင့်


