ရမည်းသင်း၊ ၂၆ မေ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးကျင်းပ အပ်နှံနေကြပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို တာဝန်ရှိသူများနှင့် ဆရာဆရာမများက ပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရမည်းသင်းခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းက ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့နယ် ပညာရေးမှူး ဒေါ်နှင်းနှင်းက ရမည်းသင်းမြို့နယ်တွင် အထက်တန်းကျောင်း (၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၂)ကျောင်း၊ မူလတန်းကျောင်း (၁၂၄)ကျောင်း၊ မူတန်းခွဲ (၁၁)ကျောင်း စုစုပေါင်း (၂၃၅) ကျောင်းရှိပါကြောင်း၊ မြို့နယ်အခြေခံပညာ ကျောင်းအားလုံးကို ဇွန် ၁ ရက်တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ရန် စာသင်ကျောင်း ဥပတိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်ရေးနှင့် ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များအတိုင်း အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ မေ ၂၄ ရက်ကစ၍ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာများက မိမိတို့တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ mask face shield တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များကို ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်များက လက်ခံရယူကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


