ကျောက်ဆည်၊ ၂၆ မေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် သံပရိုသီးများ အရောင်းအဝယ်ကောင်းသဖြင့် သံပရို စိုက်ပျိုးရောင်းချသူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သံပရိုစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။ သံပရိုပင်သည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အစိုဓာတ်ထိန်းသည့်နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း သိရှိရသည်။

သံပရိုပင်သည် အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး အသီးသီးပြီး ခူးဆွတ်ရောင်းချရာတွင် ရက်ခြား ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိသော အပင်အမျိုးအစားဖြစ်ကြောင်း၊ အအေးမျိုးစုံရောင်းချသည့် ဆိုင်များအနေဖြင့် အခင်းထဲအထိ လာရောက်ဝယ်ယူကြပြီး ကိုယ်တိုင်လည်း ဈေးသို့ နေ့စဉ်သွားရောက်ရောင်းချကြောင်း၊ ရောင်းဈေးအနေဖြင့် အသီးအပေါ်မူတည်ပြီး ကျပ် ၁၀၀/၁၅၀ ဈေးအမျိုးမျိုး ရောင်းချရကြောင်း တံတားလည်ကျေးရွာမှ သံပရိုစိုက်ပျိုး ရောင်းချသူ ကိုတာက ပြောပြသည်။

သံပရိုပင် စိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားပေါ်မူတည်ပြီး အပင်ကိုင်းဖျာထွက်မှုနှင့် နေရောင်ခြည်ရရှိမှုကြောင့် တစ်ပင်နှင့်တစ်ပင် (၅)ပေမှ (၈)ပေအထိခြား၍ စိုက်ပျိုးရသည်။ စိုက်ပျိုးပြီးပါက အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် ပေါင်းမြက်နှင့် ကိုင်းအပိုများကို ရှင်းပေးရသည်။ လိုအပ်ပါက ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးပြီး ရေတင်ပေးရကာ စိုက်ပျိုးရာတွင် အပင်စိုက်နှင့် ကိုင်းကူးစိုက်ဟူ၍ (၂)မျိုးရှိသည်။ ကိုင်းကူးစိုက်ပျိုးပါက (၈)လအရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး (၁)နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရသည်။

သက်မောင်(ကျောက်ဆည်)

mdn