ကရသူရိ၊ ၂၆ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား မေ ၂၄ ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လက်ခံဆောင်ရွက်လျက်ရှိသည်။
ကရသူရိမြို့ရှိ အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ စတင်ကျောင်းအပ်လက်ခံခဲ့ရာ မေ ၂၆ ရက်တွင် တတိယမြောက်နေ့ ကျောင်းအပ်လက်ခံခြင်းဖြစ်ပြီး ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများကို နှာခေါင်းစည်း(Mask)၊ Face Shield နှင့် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ အဆိုပါကျောင်းအပ်နှံခြင်းကို မေလအကုန်ထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)


