ရန်ကုန်၊၂၆ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မေ ၂၆ ရက် နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျဆေးစေခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပေးခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မကူးစက်နိုင်သော ရောဂါများ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လစဉ် ၂၁ ရက်မှ လကုန်အထိ ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)