ကျောက်တံခါး၊ ၂၆ မေ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၄ရက်မှ စတင်ကာ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်ခြင်း လုပ်ငန်းများ စတင်လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (၅)နှစ်အရွယ်ကလေးငယ်များကို (KG)တန်းသို့ အပ်နှံရမှာဖြစ်ပြီး (၆)နှစ်အရွယ် ကလေးငယ်များကို ပထမတန်း (Grade-1)သို့အပ်နှံရမည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးရည်များကို အခမဲ့ ထောက်ပံပေးသွားမည်ဖြစ်ပြီး ဆရာ ဆရာမနှင့် ကျောင်းသားကျောင်းသူများ ကျောင်သားမိဘနှင့် ပြည်သူများ အထူးလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက် (၆)ချက်ကိုလည်း လမ်းညွှန်မှာကြားထားကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စုပေါင်းသန်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသားမိဘများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


