နေပြည်တော်၊ ၂၆  မေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်အတူ ယမန် နေ့ ညနေ ၄ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာစက်မှုဇုန်ကနောင်ခန်း မရှေ့၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ အထောက်အထား အပြည့်အစုံဖြင့် လာရောက်လျှောက်ထားသူများကို နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၀) ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကနောင်ခန်းမအတွင်းကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေ အရ နိုင်ငံသားများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို  ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လကြာ ဆောင် ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက် အထားများ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်း ဆောင်ရွက်ပေးကြရန်နှင့် ရရှိပြီးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း (၁၀) စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား  (၅၀) တို့ကို ပြည်သူတစ်ဦးချင်းထံ ပေးအပ်ကြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကနောင် အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက ဌာနမှ  ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်သည့် အချက်အလက်များ၊ ဒေသအာဏာပိုင်များနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်း ကူညီဆောင်ရွက်ပေးစေလိုသည့် အချက်များ၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)