နေပြည်တော်၊ ၂၆ မေ

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် မေ ၂၁ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)ကိုလည်းကောင်း၊ မေ ၂၂ ရက်တွင် ပြည်မြို့ရှိ ဝါကြိတ်စက်ရုံ(ပြည်)နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း) တို့ကိုလည်းကောင်း၊ မေ ၂၃ ရက်တွင် သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)၊ ပုသိမ်မြို့ရှိ မှန်စက်ရုံ(ပုသိမ်)တို့ကိုလည်းကောင်း၊ မေ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ကိုလည်းကောင်း၊ မေ ၂၅ ရက်တွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုဌာနခွဲ(မှော်ဘီ)ကိုလည်းကောင်း လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် စက်ရုံအသီးသီးရှိ သက်ဆိုင်ရာ စက်ရုံမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် အညီ Public Private Partnership-PPP ပုံစံဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အောင်မြင်ပြီး အကျိုးအမြတ်ရှိစေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ Private sector led Economic Growth ဆိုသည့်အတိုင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ စက်ရုံများမှထွက်ရှိသည့် ထုတ်ကုန်များကိုလည်း အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဆေးဝါးစက်ရုံ(အင်းစိန်) အနေဖြင့် ပြည်သူလူထုအတွက် မဖြစ်မနေလိုအပ်သည့် အခြေခံဆေးဝါးများကို GMP Guide Line များနှင့်အညီ တိုးမြှင့်ထုတ်လုပ်သွားရမည်ဖြစ်ကြောင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် စက်ပစ္စည်းဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်